နံနံပင်

နံနံပင်

နံနံပင်မှာ ကာဘိုဟိုက်ဒရိတ်၊ အမျှင်ဓါတ်၊ ရေဓါတ် ၊ဗီတာမင်အေ၊ ဘီဆစ်၊ ဘီတွဲ၊ ဗီတာမင်စီ၊ ဗီတာမင်ကေ၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယံ၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ် စတဲ့ ဓါတ်တွေများစွာပြီး ရောင်ရမ်းတာတွေကို လျော့ပါးသက်သာစေတဲ့ အစွမ်းသတ္တိ (Anti inflammatory action) နဲ့ ဓါတ်တိုးဆန့်ကျင်တဲ့အစွမ်းသတ္တိ(Anti oxidant action)ရှိပါတယ်။

နံနံပင်ကို မကြာခဏ စားခြင်းဖြင့်ရနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • ၁။အမျှင်ဓါတ်များစွာပါတာကြောင့် အစာခြေစနစ်ကိုကောင်းစေပြီး ဝမ်းမှန်စေကာ ဝမ်းချုပ်ခြင်းကင်းစေပြီး အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေကိုလျော့နည်းစေပါတယ်။
  • ၂။ဗီတာမင်အေပါဝင်တာကြောင့် မျက်စိအမြင်အာရုံအတွက် အထောက်အကူပြုပါတယ်။
  • ၃။ဗီတာမင်စီပါတာကြောင့် ကိုယ်ခံအားကောင်းစေပြီး ချောင်းဆိုးအအေးမိနှာစေးတာတွေအလွယ်တကူမဖြစ်အောင် ကာကွယ်ပေးပါတယ်။
  • ၄။ဗီတာမင်ကေနဲ့သံဓါတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် နှာခေါင်းသွေးယိုတာ၊ အမျိုးသမီးတွေရာသီ ပေါ်တဲ့အခါသွေးဆင်းများတာစတဲ့ ရောဂါမျိုးတွေအတွက် အထောက်အကူပြုပါတယ်။
  • ၅။ ရောင်ရမ်းတာတွေကိုလျော့ပါးသက်သာစေတဲ့အစွမ်းသတ္တိ (Anti inflammatory action)ရှိတာကြောင့် မျက်စိနာပြီးရောင်ရမ်းနီရဲနေတာ၊ခေါင်းကိုက်တာ၊သွားကိုက်တာ၊ဖောရောင်တာ၊အရိုးအဆစ်ရောင်ရမ်းနာကျင်တာ စတဲ့ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။
  • ၆။သွေးပေါင်ချိန်နဲ့သွေးတွင်းမကောင်းတဲ့အဆီဓါတ်ကိုလည်း လျော့ကျစေတဲ့အတွက် သွေးတိုးရောဂါရှိသူတွေအတွက် အထူးသင့်တော်ပါတယ်။
  • ၇။ဓါတ်တိုးဆန့်ကျင်တဲ့အစွမ်းသတ္တိရှိတဲ့အတွက် အရွယ်တင်နုပျိုစေကာ ကင်ဆာရောဂါတွေဖြစ်ပွားနိုင်ခြေကိုလျော့နည်းစေပါတယ်။
  • ၈။ခံတွင်းအနံဆိုးခြင်းကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။